“ပန်းကလေးများ၏ သဘာဝဟာ အချိန်တန်ရင် ပွင့်လာရစမြဲ” ဆိုသည်မှာ သဘာဝက ပေးသော နိယာမတရားပင် ဖြစ်ပေသည်။ ဖူးပွင့်စ ပန်းကလေးများသည် ပန်းပွင့်အဖြစ်သို့ မရောက်ခင်ကတည်းကပင် ပန်းကလေး၏ သဘာဝအလှကို ဖျက်ဆီးတတ်သော ပိုးကောင်များက ကိုက်ဖြတ်၊ ဖျက်ဆီးတတ်ကြပေသည်။ ထိုနည်းတူစွာ ကျမတို့ လူငယ်များသည် နောင်အနာဂါတ်တွင် နိုင်ငံခေါင်းဆောင်များ ဖြစ်လာနိုင်သော်လည်း စနစ်ဆိုးကြောင့် အညွတ်တလူလူနှင့်တက်လာသော ကျမတို့ လူငယ်များ၏ ဘ၀ရည်မှန်းချက်ကို ဤစနစ်ဆိုးက ဖျက်ဆီးနေပေသည်။
လူငယ်တစ်ဦး၏ အနာဂါတ်လှပရေးသည် မိဘများတွေ တာဝန်ရှိသလို တိုင်းပြည်ကို အုပ်ချုပ်နေသော အစိုးရနဲ့လည်းများစွာ သက်ဆိုင်ပါသည်။ လူငယ်ကောင်းတွေ ပေါ်ထွန်းမှသာ နိုင်ငံကောင်း ဖြစ်လာမည်။ ဤသို့ ဆိုရခြင်းမှာ တိုင်းပြည်တပြည်၏ ဆက်လက်ရှင်သန်၊ ထွန်းကားရေးသည် လူငယ်တို့၏ လက်ဝယ်တွင် ရှိပါသည်။
ယခုဆိုလျှင် အမိမြန်မာပြည်ရှိ လူငယ်များသည် ရေငတ်နေသော ပန်းကလေးများသဖွယ် ပညာများငတ်မွတ်နေရပါသည်။ ပညာကို လွတ်လပ်စွာ သင်ယူပိုင်ခွင့်မရှိပဲ အကန့်အသတ်တခုဖြစ်သာ သင်ယူခွင့်ရပါသည်။ အတန်းပညာ တိုးတက်လာခဲ့သည်နှင့်အမျှ အသိပညာ တိုးတက်မြှင့်မားလာခြင်းမရှိပေ။ မအောင်မနေရ စနစ်ကြောင့် မြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများသည် အရည်အချင်ထက် အရည်အတွက်သာ ပိုမိုများပြားလာခဲ့သည်။
“ပုခက်လွဲသောလက်က တိုင်းပြည်ကို အုပ်ချုပ်နိုင်သည်” ဟု ဆိုရိုးစကားရှိခဲ့သော်လည်း ယခုခေတ် မြန်မာနိုင်ငံ၏အခြေအနေသည် ထိုဆိုရိုးစကားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ လယ်သမားသား၊ သမီးများ လယ်သမား ဖြစ်ရမည်။ တံငါးသည်သား၊သမီးများ တံငါးသည်ဖြစ်ရမည်။ ကူလီထမ်းသား၊ သမီးများ ကူလီဖြစ်ရမည်။ အစိုးရသား၊ သမီးများ အစိုးရဖြစ်ရမည်ဟူသော စနစ်ပင် ဖြစ်ပေသည်။
မြန်မာပြည်အတွင်းတွင် နေထိုင်သော လူငယ်များ၏ ဘ၀သည် စကားပြောရန် ပါးစပ်ပါသော်လည်း စကားမတတ်သော အ အနှင့် တူပေသည်။ အရာရာကို မြင်နိုင်စွမ်းရှိသော်လည်း အကန်းနှင့် တူပေသည်။ အသံကို ကြားနိုင်သောနားရှိ သော်လည်း နားကန်းနေသကဲ့သို့ ပေဖြစ်သည်။ ရင်ထဲရှိ စကားလုံးများကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့် မရပေ။ နိုင်ငံတော်တိုးတက်ရေးအတွက် အထောက်အကူပြု စာပေများကို တစ်လုံးတပါးမှ မတွေ့ရ၊ မမြင်ရ။ သတင်းစာ၊ ဂျာနယ်များတွင်လည်း အစိုးရကောင်းကြောင်းစသော လုပ်ကွက်ဇာတ်ဆောင် ဦးစားပေး ရေးသားထား ခြင်းကိုသာ တွေ့ရ၊ မြင်ရပေသည်။ သတင်းစကားများကို ကြားချင်သော် လည်း ကြားခွင့်မရှိပါ။
ထို့ကြောင့် နိုင်ငံတော်တိုးတက်ရေးကို လိုလားသော လူငယ်အချို့သည် မိမိတို့၏ မိသားစုနှင့်မွေးရပ်မြေကို စွန့်ခွာပြီး တိုင်းတပါး၌ မိမိနိုင်ငံ တိုးတက် ရေးအတွက် ရရာပညာကို လေ့လာသင်ယူနေကြပေသည်။
သို့ပါသော်ကြောင့် ကျမတို့လူငယ်လေးများသည် အနာဂါတ်နိုင်ငံ တည်ဆောက်ရေးအတွက် ဒုက္ခများစွာ ရင်ဆိုင်ရသော်လည်း မလျှော့သော စွဲ၊ လုံးလ၊ ၀ိရိယ တို့ဖြင့် မဆုတ်မနှစ် အပတ်တကုတ် ကြိုးစားကာ လှပသော အနာဂါတ်နိုင်ငံတော်ကြီးဆီသို့ ချီတက်သွားကြမည်။

မြူနှင်းလေး ..........၊